ဖေဖေ့ ကတိစကား တစ်ခွန်း


၁၉၈၉-ခုနှစ်တွင် အာမေးနီးယား၌ ရစ်တာစကေး (၈.၂) ရှိသည့် အင်အား ပြင်းထန်သော မြေငလျင်ကြီး တစ်ခု ဖြစ်ပေါ်ခဲ့သည်။ တိုက်တာ အိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး (၄)မိနစ်ပင် မပြည့်သည့် အချိန် အတော အတွင်း လူပေါင်း (၃၀,၀၀၀)ကျော် သေဆုံးခဲ့ရသည်။


အပျက် အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျား ကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကို အိမ်မှာ ဘေးမသီ ရန်မခ ထားခဲ့ကာ သူ့သား ရှိနေမည့် စာသင်ကျောင်း ဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီ ရောက်တော့ ကျောင်းက မြေမှာ ပြားချပ်နေပြီ။

ရုတ်တရက် သူ့ရင်ထဲ ဆို့နင့်ကာ ကယောက်ချောက်ချား ဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေး ထားသည့် ကတိစကားကို ပြန်၍ သတိရသည်။

“ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှ မစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံး အစုံ ထဲမှာ မျက်ရည်တွေ အိုင်လာသည်။

သူ့ရှေ့တွင် တစ်ချိန်က စာသင်ကျောင်း ရှိခဲ့သော နေရာတွင် အုတ်ပုံ အစုအဝေး တစ်ခု ရှိနေသည်။ ဘယ်လိုမှ မျှော်လင့် နိုင်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီး တစ်ခု။ သို့သော် သားထံ ပေးခဲ့သည့် ကတိစကားကို သူ ထပ်တလဲလဲ ပြန်ကြားနေသည်။ 

စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းကာ သူနေ့စဉ် နံနက်တိုင်း လိုက်ပို့နေကျ ဖြစ်သည့် သူ့သားငယ်၏ စာသင်ခန်း ရှိရာနေရာကို မှန်းဆ ရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက် အပိုင်း နောက်ဘက် ခြမ်းမှာ။ 
သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုး အုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှားခြင်း ပြုလေသည်။ သူဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ “ငါ့သားလေး သေပါပြီ”။ “အံမယ်လေး .. ငါ့သမီးလေး မရှိတော့ပါဘူး” စသဖြင့် သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ် ရှိသည့် တချို့မိဘများ ကတော့ (သွေးရူး သွေးတမ်း လုပ်ကိုင်နေဟန် ရှိသော) သူ့အား ဂရုဏာ သက်ကာ ကျောက်ပျက် အုတ်ကျိုးပုံမှ ဖျောင်းဖျ ခေါ်ယူကြသည်။ 
“မရတော့ ပါဘူးဗျာ” 
“ဘယ်သူမှ အသက်မရှိတော့ ပါဘူးဗျာ” 
“အဲ့ဒီလိုလုပ်နေလို့ အကျိုး မထူးတော့ပါဘူး၊ အိမ်သာပြန်ပါဗျာ” 
“စိတ်ထိန်းမှပေါ့၊ ခင်ဗျားမြင်တဲ့ အတိုင်းပဲ၊ ဘာလုပ်လို့ ရဦးမှာလဲ” စသဖြင့် ပြောကြသည်။ 
တချို့ကဆိုလျှင် “ဟေ့လူ တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့ အတွက် ပိုတောင် ဆိုးနေဦးမယ်” ဟု အပြစ်တင် ကြသည်။ 

သည်လို လာပြောသည့် မိဘတိုင်းကို သူကစကား တစ်ခွန်းပဲ ပြန်ပြောသည်။ “ဒီမှာ ခင်ဗျား အခု ကျွန်တော် လုပ်နေတာကို ဝင်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ” ဟူ၍။ သည့်နောက် အဲ့သည့်လူတွေကို လျစ်လျူရှုကာ သူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ချင်း ကောက်ယူ ဖယ်ရှားသည်။ 

သည်အချိန် မီးသတ် အရာရှိ ရောက်လာပြီး သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားသည်။ “မီးတွေ လောင်နေပီ၊ ဘယ်နေရာက မဆို အချိန်မရွေး ထပေါက် နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့ လုပ်ပါ့မယ်၊ ကိုယ့်အိမ်ပြန်ပါ” ဟုဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကို အရေးမထား။ “ခင်ဗျား ကျုပ်ကို ကူညီမလား၊ မကူညီ ဘူးလား၊ ဒါပဲပြောပါ” ဟုပဲ ပြန်ပြောသည်။ 
ရဲကလည်း ရောက်လာသည်။ 
“ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ် အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်” 
ရဲကိုလည်း “ခင်ဗျား ကျွန်တော့ကို ကူညီများလား” ပဲ သူပြန်မေးသည်။ 

မည်သူကမှ မကူညီ။ 
သို့သော် ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာ အရေးကြီး နေတာ တစ်ခုပဲ ရှိသည်။ “ငါ့သားလေး သေပြီလား၊ အသက်ရှင်နေ သေးလား” ဒါသေချာဖို့ လိုသည်။ မျက်မြင်ဒိဌ သူတွေ့ ရဖို့ လိုသည်။ 

သူတစ်ယောက်တည်း အုတ်ကျိုး အုတ်ပျက်ပုံကိုဖယ်ရှားသည်။ ၈နာရီကြာပြီ၊ .. ၁၂နာရီ၊ .. ၂၄နာရီ၊ .. ၃၆နာရီ၊ အဲသည်နောက် ၃၈ နာရီမြောက်တွင် အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ် လိုက်ပြီးသည့် နောက်တွင် သား၏ အသံကို ကြားလိုက်ရသည်။ 

ချက်ချင်းပင် သားနာမည်ကို သူသံကုန် အော်ခေါ် လိုက်သည်။ “အားမန်း .....” 
ပြန်အော်သံကြားရသည်။ “ဖေဖေ ... ဖေဖေလား၊ သားပါဖေဖေရ၊ သူငယ်ချင်း တွေလည်း သားပြော ထားတယ်၊ ဘာမှမကြောက်ကြနဲ့၊ ငါ့အဖေ မသေသေးရင် ငါ့ကို သေချာပေါက် လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လည်း လွတ်မယ်လို့၊ ဖေဖေ သားကို ကတိ ပေးထားတယ် မဟုတ်လား၊ ဘယ်ကိစ္စမျိုး ကြုံကြုံ သားမစိုးရိမ်နဲ့၊ အဖေ ရောက်လာမယ် စိတ်ချ ဆိုတာလေ၊ အခုအဖေ ပြောထားတဲ့ အတိုင်းပဲ ရောက်လာပြီပေါ့”
“အဲ့ဒီ အောက်ထဲမှာ ဘယ်လို အခြေအနေရှိလဲ သား” အဖေက မေးသည်။ 
“သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲ ကျန်တယ် အဖေ၊ သားတို့ ကြောက်လည်း ကြောက်တယ်၊ ဆာလည်း ဆာတယ်၊ ရေလည်း ငတ်တယ်၊ အဖေ ရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့ နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်မပိဘဲ ကျန်နေတယ်၊ အဲ့ဒါကြောင့် သားတို့ မသေတာ” 
“ကဲ .... ထွက်ခဲ့တော့ သားရေ” 
“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေရှိနေတာပဲ၊ ဘယ်လို ကိစ္စမျိုး ကြုံကြုံ သားက မစိုးရိမ်ဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်” ဟု သားက ပြောလိုက်ပါတော့သည်။


Are You Going To Help Me? By Mark V. Hansen ကို ဆရာဖေမြင့် ဘာသာပြန်သည်။

Comments

Popular posts from this blog

ခိုးဝင် စစ်တကောင်းဘင်္ဂလီများ (သို့မဟုတ်) ရိုဟင်ဂျာ လူမျိုးတု ဖန်တီး တောင်းဆိုနေ ကြသူများ၏ သမိုင်းလိမ် အထောက်အထား များအား ဆန်းစစ်လေ့လာခြင်း

မြောက်ဥက္ကလာပ ဓါးခုတ်မှု တရားခံများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့v

စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မည့် အစ္စလာမ် အမျိုးသမီး